Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
လောပီတရေအားလျှပ်စစ် စီမံကိန်း Print E-mail

စီမံကိန်းများ | ပတ်သက်နေသည့် ကုမ္ပဏီများ | ဘဏ္ဍာငွေကြေး | စီမံချက် လက်ရှိအခြေအနေ | ဆိုးကျိုးသက်ရောက်နိုင်မှုများ

ကယားပြည်နယ် (ကရင်နီပြည်နယ်) ရှိ လောပီတ ရေအားလျှပ်စစ်စီမံကိန်းကို ၁၉၅၀ ခုနှစ် ကာလများကတည်းက စတင် ဆောင်ရွက်ခဲ့ပြီး ဂျပန်နိုင်ငံမှ စစ်လျော်ကြေးငွေ နှစ်နိုင်ငံချင်း အကျိုးတူ အကူအညီဖြင့် စတင်ဆောက်လုပ်ခဲ့ပါသည်။ ဘီလူးချောင်းပေါ်တွင် မိုးဗြဲရေကာတာကို တည်ဆောက်ခဲ့ပြီး ရေအားလျှပ်စစ် စက်ရုံ ၂ ခုကို ရေသွင်းနိုင်ရန် ရေသိုလှောင် ထားပေးပါသည်။ လောပီတ ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အကြီးစား ရေအားလျှပ်စစ် စီမံကိန်း ဖြစ်ပါသည်။ ယနေ့ကာလတွင် ဤရေအားလျှပ်စစ်စီမံကိန်းမှ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် ထုတ်လုပ်မှု စွမ်းအင် ၏ ၂၄% ကို ထုတ်ပေးနေပါသည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသများကို အဓိကလျှပ်စစ်ထောက်ပံ့ပေးနေရာ ဖြစ်ပါ သည်။

မြေပုံကို ပုံကြီးချဲ့ ကြည့်ရန်

စီမံကိန်းများ
မိုးဗြဲဆည်နှင့် ရေလှောင်ကန်
မိုးဗြဲဆည်သည် ၁၁ မီတာမြင့်ပြီး ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်၌ တည်ရှိပါသည်။ ၎င်းသည် ၂၀၇ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် ရေလှောင်ကန်ကို ဖြစ်စေပါသည်။ ရေလှောင်ကန်မှာ အများအားဖြင့် ရှမ်းပြည်နယ်အတွင်း၌ တည်ရှိပါသည်။ ဆည်တည်ဆောက်ရေးကို ၁၉၆၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ပြီးဆုံးခဲ့ပါသည်။  
လောပီတ ရေအားလျှပ်စစ်စီမံကိန်း အမှတ် (၂)
လောပီတ ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၂) သည် ပထမဦးဆုံးလည်ပတ် လျှပ်စစ်ထုတ်ပေးနိုင်သည့် စက်ရုံဖြစ်ပြီး စက်ရုံကြောင့် လောပီတ ရေတံခွန်၏ သဘာဝအလှကို ပျက်စီးစေခဲ့ပါသည်။ လောပီတ ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၂) ၏ တည်ဆောက်ရေး ပထမအဆင့်ကို ၁၉၆၀ ခုနှစ်တွင် ပြီးစီးပါသည်။ ဒုတိယအဆင့် တည်ဆောက်မှုကို ၁၉၇၄ ခုနှစ် တွင် ပြီးစီးသည်။ ၎င်းတွင် လျှပ်စစ်ဓါတ်အားပေးစက် ဂျင်နရေတာ ၆ လုံးရှိပြီး လျှပ်စစ် ၁၆၈ မဂ္ဂါဝပ် (MW) ကို ထုတ်ပေး နိုင်ပါသည်။
လောပီတ ရေအားလျှပ်စစ်စီမံကိန်း အမှတ် (၁)
၎င်းသည် လောပီတ ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၂) နှင့် နီးကပ်စွာ တည်ရှိသော်လည်း ဒါတောချဆည်မှ ရေကို ရယူပါသည်။ ၎င်းစက်ရုံတွင် လျှပ်စစ်ဓါတ်အား ၂၈ မဂ္ဂါဝပ် (MW) ကို ထုတ်ပေးနိုင်သည့်စက်ကို တပ်ဆင်ထားပါသည်။ တည်ဆောက်ရေးလုပ်ငန်းကို ၁၉၈၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပြီးစီးပါသည်။
ဒါတောချ ဆည်
ဒါတောချ ဆည်တည်ဆောက်ရေးကို ၁၉၈၈ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ၎င်းမှာ လောပီတ ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) ကို ရေပေးသွင်းနိုင်ရန် အဓိကတည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

ပတ်သက်နေသည့် ကုမ္ပဏီများ
ဂျပန်အစိုးရက မိုးဗြဲဆည်တည်ဆောက်ရေးအတွက် ရန်ပုံငွေကို ၁၉၅၄ ခုနှစ်တွင် ဒုတိယကမ္ဘာစစ် စစ်လျော်ကြေးအဖြစ် အတည်ပြုပေးခဲ့ပါသည်။ ဆည်နှင့် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးအတွက် နိပွန် ကိုအိ နှင့် ကာဂျီးမား ကော်ပို ရေးရှင်း (Nippon Koei and Kajima Corporation) တို့က ဆောင်ရွက်ခဲ့ကြပါ သည်။

ဘဏ္ဍာငွေကြေး
လောပီတ ရေအားလျှပ်စစ်စီမံကိန်းအတွက် စုစုပေါင်း ကုန်ကျငွေကို မသိရှိရပါ။

လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။
လောပီတ ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာသည့် လျှပ်စစ် ၁၉၆ မဂ္ဂါဝပ် (MW) ၏ အများစုကို မြန်မာနိုင်ငံ အလယ် ပိုင်းရှိ မန္တလေးနှင့် ရန်ကုန်မြို့များသို့ ပို့လွှတ်ပါသည်။ ကရင်နီပြည်နယ်ရှိ မြို့ ၃ ခု (လွိင်ကော်၊ ဒီမောဆိုး၊ ဖရူးဆိုး) တို့မှာ ယခုတိုင် လျှပ်စစ်ထောက်ပံ့မှု အနည်းအကျဉ်းသာ ရရှိပါသည်။ ကျေးလက်ဒေသနေ ပြည်သူအများစု (ပြည်နယ်လူဦးရေ၏ ၈၀%) မှာ လျှပ်စစ်မီးရရှိခြင်း မရှိကြပါ။

စီမံချက် လက်ရှိအခြေအနေ  (၂၀၀၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအခြေအနေ)
၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို မြန်မာစစ်အစိုးရက အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း လောပီတ အမှတ် (၂) ရေအားလျှပ်စစ် စက်ရုံကို မွမ်းမံပြင်ဆင်ရန် ထောက်ပံ့မည့် ဂျပန်အစိုးရ၏ ပြည်ပ ဖွံ့ဖြိုးရေး အကူ အညီ အစီအစဉ်များကို ဂျပန်အစိုးရက ရပ်ဆိုင်းထားခဲ့ပါသည်။ 
 
ဆိုးကျိုးသက်ရောက်နိုင်မှုများ
မြေပုံကို ပုံကြီးချဲ့ ကြည့်ရန်

မိုးဗြဲဆည်နှင့် ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှုကြောင့် လူပေါင်း ၁၂,၀၀၀ ကျော် အိုးအိမ်အခြေမဲ့ ပြောင်းရွှေ့ခဲ့ကြရ ပါသည်။ ၁၉၆၁ ခုနှစ်မှစ၍ ရေအားလျှပ်စစ်စီမံကိန်းအနီး မြန်မာစစ်တပ်များကို တိုးချဲ့ချထားခဲ့ပြီး၊ စစ်တပ်များ များပြားလာမှု နှင့်အတူ အဓမ္မလုပ်အားခိုင်းစေခြင်း၊ စစ်တပ်အတွက် ပေါ်တာဆွဲခြင်း၊ မြေယာများ သိမ်းပိုက်ခြင်း၊ မြန်မာစစ်တပ်များ၏ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများလည်း တိုး၍ ဖြစ်ပေါ်ခဲ့ပါသည်။ ရေအားလျှပ်စစ်စီမံကိန်းနှင့် ဓါတ်ကြိုးလိုင်းများ အနီးတွင် ခန့်မှန်းခြေအားဖြင့် မြေမြုပ်မိုင်း ၁၈,၀၀၀ ကျော် မြုပ်နှံထားပါသည်။ ဒေသခံ တောင်သူလယ်သမားများအတွက် ရေအသုံး ကို ကန့်သတ်ချုပ်ချယ်ခဲ့ပြီး၊ ရေကာတာတည်ဆောက်မှုကြောင့် ငါးဖမ်းလုပ်ငန်းများလည်း များစွာ ဆုတ်ယုတ်ခဲ့ပါသည်။ ဤအတွက်ကြောင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများအပေါ် များစွာ ထိခိုက်စေခဲ့ပါသည်။

အသေးစိတ် သတင်းအချက်အလက်များ သိရှိနိုင်ရန် "စစ်ဗိုလ်ချုပ်များ၏ ရေကာတာ။ ကရင်နီတို့၏ ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးစီမံကိန်း အတွေ့အကြုံ (လောပီတမှ သံလွင်သို့)" (Dammed By Burma's Generals: The Karenni Experience with Hydropower Development from Lawpita to the Salween) အစီရင်ခံစာကို ကြည့်ပါ။

AddThis Social Bookmark Button