Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
မဲခေါင်းမြစ်ဝှမ်း ဖွံ့ဖြိုးရေးစီမံကိန်း Print E-mail

ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ | ပတ်သက်နေသည့် ကုမ္ပဏီများ | အကျိုးအမြတ်များ | စီမံချက် လက်ရှိအခြေအနေ | ဆိုးကျိုးသက်ရောက်နိုင်မှုများ

အရှည် ၄,၈၀၀ ကီလိုမီတာ ရှိသည့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလာပါသည်။ ဤမြစ်သည် ဒေသအတွင်းရှိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီး၊ ၎င်းမြစ်ဖျားခံရာတိဘက် ဒေသမှ ဗီယက်နမ် မြစ်ဝှမ်းဒေသများအထိ လွှမ်းခြုံမှု ရှိပါသည်။ လူသန်းပေါင်း ၆၀ ခန့်သည် မဲခေါင်မြစ်နှင့် ၎င်း၏ မြစ် လက်တက်များကို မှီ၍ အစားအသောက်၊ ရေနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက် မြစ်ကို အသုံးပြုနေကြရပါသည်။ ထို့အပြင် မြစ်ကိုမှီ၍ နေ့စဉ် သက်မွေးဝမ်းကြောင်း ကိစ္စအများကို ဆောင်ရွက်နေကြရပြီး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာအရလည်း အထူး အရေးပါသည့် မြစ်ဖြစ်ပါသည်။ ထို့အပြင် မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် မျိုးစိတ်အကွဲပြားဆုံး ငါးများရရှိစေပြီး တံငါ လုပ်ငန်းကိုလည်း အထောက်အကူပြုပါသည်။ ဘရာဇီးနိုင်ငံရှိ အမေဇုံမြစ်ပြီးလျှင် မဲခေါင်မြစ်သည် ငါးမျိုးစိတ် အစုံလင်ဆုံး သော မြစ်တစင်း ဖြစ်ပါသည်။

လွန်ခဲ့သည့် ၁၅ နှစ်အတွင်း မဲခေါင်မြစ်တွင် တည်ဆောက်ရေးစီမံကိန်းကြီး ၂ ခုကြောင့် အကြီးအကျယ် ပြောင်းလဲသွားခဲ့ ရပါသည်။ ပထမတခုမှာ တရုတ်နိုင်ငံက မဲခေါင်မြစ်ပေါ်တွင် ဧရာမဆည်ကြီးများ တည်ဆောက်ခြင်းဖြစ်ပြီး၊ ဒုတိယတခုမှာ မဲခေါင်မြစ် ရေလမ်းချဲ့ထွင်ရေး စီမံကိန်း ဖြစ်ပါသည်။ ဤစီမံကိန်းအရ မြစ်တွင်းရှိ ကျောက်ဆောင်များ၊ ကမ်းရိုးများကို ဖြိုချ ချဲ့ထွင်ရန်ဖြစ်ပြီး ကုန်တန်ချိန် ၅၀၀ အထိ သယ်ဆောင်နိုင်မည့် မြစ်တွင်းသွားသင်္ဘောများ သွားလာနိုင်ရန်အတွက် ရည် ရွယ်ထားသည့် စီမံကိန်း ဖြစ်ပါသည်။

မြေပုံကို ပုံကြီးချဲ့ ကြည့်ရန်

မဲခေါင်ဆည်များ
တရုတ်နိုင်ငံက မဲခေါင်မြစ်အထက်ဖက်ပိုင်းတွင် ဆည်ကြီး ၈ ခုတည်ဆောက်ရန် စီစဉ်ထားပြီး၊ မြစ်အကြေပိုင်းတွင် ဆည်များ တည်ဆောက်ရေးအတွက် အစီအစဉ်များ ရေးဆွဲလျက်ရှိပါသည်။ သတင်းအချက်များ ပိုမိုသိရှိလိုပါက အောက် ဖော်ပြပါ အင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။
http://internationalrivers.org/en/node/2257

ရေလမ်းကြောင်းတိုးချဲ့ရေး စီမံကိန်း
မဲခေါင်မြစ်ကြောင်းတလျှောက် ရေလမ်းကြောင်း တိုးချဲ့ရေးစီမံကိန်းကို ၁၉၉၀ ခုနှစ်များ အစောပိုင်းကတည်းက စဉ်းစားခဲ့ ကြပါသည်။ ထို့နောက် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ အစိုးရများက ၂၀၀၂ ခုနှစ် အစောပိုင်းတွင် အတည်ပြုခဲ့ကြပါသည်၊ သဘာဝအရဆိုလျှင် ရေလမ်းကြောင်းသည် တန် ၆၀ ရှိ သင်္ဘောများသာ တနှစ်ပတ်လုံးသွားလာ နိုင်ပါသည်။ စီမံကိန်း၏ရည်ရွယ်ချက်မှာ ပို၍ကြီးသောသင်္ဘောများကို မြစ်ကြောင်းတလျှောက် သွားလာနိုင်စေရန် ဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် လာအိုနိုင်ငံ လောင်ပရာဘန်းမြို့ကို ဆက်သွယ်ရန် ဖြစ်ပါသည်။ အဓိကကျောက်ဆောင် ကျောက်စွန်းများကို ဖယ်ရှားပြီး တန်ချိန် ၅၀၀ အထိရှိသည့် သင်္ဘောများတနှစ်ပတ်လုံး သွားလာနိုင်စေရန် ဖြစ်ပါသည်။

ဤစီမံကိန်းကို ကဏ္ဍ ၃-ခု ခွဲထားပါသည်။ ပထမကဏ္ဍ (၂၀၀၂-၂၀၀၄) တွင် အဓိကကျသည့် ကျောက်စွန်း ၁၁ ခုနှင့် ပြန့်ကျဲတည်ရှိနေသည့် ကျောက်ဆောင် ၁၀ ခုကို ဖြိုချရန် ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာ-လာအိုထိစပ်နေသည့် မြစ် ကြောင်းတလျှောက်တွင် ဖြစ်ပါသည်။ ဒုတိယကဏ္ဍတွင် နောက်ထပ်ကျောက်စွန်း ၅၁ ခုနှင့် သဲသောင်များကို ဖယ်ရှားပြီး၊ တတိယကဏ္ဍတွင် ရေကြောင်းလမ်းကို ပို၍တူးမြောင်းသဖွယ် ဖြစ်စေရန် ဖောက်မည် ဖြစ်ပါသည်။

ပါဝင်ပတ်သက်နေသည့် ရင်းနှီးမြှုပ်နှံသူများ    
အထက်ပိုင်း မဲခေါင်မြစ်ကြောင်းချဲ့ထွင်ရေး စီမံကိန်းကို တရုတ်အစိုးရက ရန်ပုံငွေ ထောက်ပံ့ပါသည်။ ဤစီမံကိန်းသည် မဲခေါင်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် Greater Mekong Subregion (GMS) Economic Cooperation Program ၏ ကဏ္ဍ အစိတ်အပိုင်း တခုဖြစ်ပါသည်။ ဤအစီအစဉ်ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စတင်၍ အစပျိုးဆောင်ရွက်ခဲ့ပါသည်။ အခြားသော တရုတ်အစိုးရပိုင် စီးပွားရေးကုမ္ပဏီများကလည်း အထက် ပိုင်းမဲခေါင်မြစ်တွင် ဆည်များတည်ဆောက်ရေး စီမံကိန်းများတွင် ပါဝင်ပတ်သက်နေကြပါသည်။

အကျိုးအမြတ်များကို မည်သူက ရရှိခံစားရမည်နည်း။
မြစ်အထက်ပိုင်းဆည်များမှ ထုတ်လုပ်မည့် လျှပ်စစ်များကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံသို့ ပို့လွှတ်မည် ဖြစ်ပါသည်။ မြစ်ကြောင်းရေလမ်းဖွံ့ဖြိုးရေး စီမံကိန်းပြီးသည့်အခါ ပစ္စည်းများသယ်ဆောင်ထားသည့် တရုတ်သင်္ဘောများ မြစ်ကြောင်းအတိုင်း စုံဆင်း၍ ဈေးကွက်သို့ တင်ပို့နိုင်မည် ဖြစ်ပါသည်။

စီမံချက် လက်ရှိအခြေအနေ (၂၀၀၈ ခုနှစ်၊ စက်တင်ဘာလအထိ နောက်ဆုံး အခြေအနေ)
တရုတ်နိုင်ငံက မဲခေါင်မြစ် အထက်ပိုင်းတွင် ဆည်ကြီး ၃-ခုကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် မဂ္ဂါဝပ် ၁,၅၀၀ ထုတ်ပေးနိုင်မည့် မန်ဝန်ဆည် (Manwan)၊ ၂၀၀၂ ခုနှစ်တွင် မဂ္ဂါဝပ် ၁,၃၅၀ ထုတ်ပေးနိုင်မည့် ဒါချောင်ရှန်း ဆည် (Dachaoshan)၊ ၂၀၀၈ ခုနှစ်တွင် မဂ္ဂါဝပ် ၁,၇၅၀ ထုတ်ပေးနိုင်မည့် ဂျင်ဟောင်းဆည် (Jinghong) တို့ ဖြစ်ပါသည်။ မဂ္ဂါဝပ် ၄,၂၀၀ ထုတ်ပေးနိုင်မည့် စတုတ္ထဆည် ဇောင်ဝမ် (Xiaowan) ကို တည်ဆောက်နေဆဲဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟု ခန့်မှန်းရပါသည်။ 

ရေလမ်းကြောင်းတိုးချဲ့ရေး စီမံကိန်း ပထမအဆင့်ကို ၂၀၀၄ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ သို့သော်လည်း ၂၀၀၄ ခုနှစ်၊ ဇွန်လမှစ၍ မြစ်ဖြတ်သန်းသွားရာ မြန်မာနိုင်ငံဖက်အခြမ်းတွင် လုပ်ကိုင်ဆောင်ရွက်နေမှု အစီရင်ခံစာများကို မရရှိခဲ့ ပါ။ ယခုအခါ တန်ချိန် ၃၀၀ အထိ သယ်ဆောင်နိုင်သည့် ကုန်တင်သင်္ဘောများမှာ မြစ်ကြောင်းအတွင်း သွားလာနိုင်ပြီ ဖြစ် ပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်နိုင်မှုများ
၂၀၀၂ ခုနှစ်၊ မတ်လမှစ၍ မဲခေါင်မြစ်အတွင်းရှိ ကျောက်ဆောင်များကို မိုင်းခွဲခြင်းများ ပြုလုပ်ခဲ့ပြီး၊ မြစ်အနီးနေထိုင်ကြသူ ရွာသားများကိုလည်း "မြစ်အနားသို့ မသွားလာကြရန်" သတိပေးမှု အနည်းမျှ ပြုလုပ်ခဲ့ကြပါသည်။ မြစ်ကြောင်းတွင် မိုင်းခွဲ နေစဉ်ကာလ၌ သွားလာမှု ကန့်သတ်ထားသောကြောင့် ဒေသအတွင်းသွားလာရေးနှင့် တံငါလုပ်ငန်းများ ထိခိုက်ခဲ့ရပါ သည်။ မြန်မာစစ်အစိုးရ၏ တပ်ရင်း (၁၀) ခုမှ စစ်သား ခန့်မှန်း ၁,၀၀၀ ခန့်ကိုလည်း မြစ်အနီး လုံခြုံရေးကင်းလှည့်စေရန် ၂၀၀၃ ခုနှစ်၊ ဇန်န၀ါရီ- ဧပြီလများတွင် စေလွှတ်ခဲ့ကြပါသည်။ ဤစစ်တပ်များက မုဒိမ်းမှု ၂ မှုကို ကျူးလွန်ခဲ့ကြကြောင်းနှင့် အဓမ္မလုပ်အားခိုင်းစေရန် ဆင့်ဆိုမှုများ ဤကာလအတွင်းရှိခဲ့ကြောင်း သတင်းများရရှိခဲ့ပါသည်။
မြေပုံကို ပုံကြီးချဲ့ ကြည့်ရန်

မြစ်ကြောင်းတလျှောက် သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျသည့် လှေငယ်များသည် ယခုအခါ သင်္ဘောကြီးများ၏ လှိုင်းရိုက်ခတ်မှုအကြားတွင် သွားလာရန် အန္တရာယ်ပို၍ ကြီးလာစေပါသည်။ လှိုင်းထန်မှုကလည်း ယခုအခါ ပိုလာသည်ဟု ဆိုပါသည်။ လှေမှောက်မှုများနှင့် မတော်တဆဖြစ်မှုများ ပို၍ ဖြစ်ပွားလာပြီး ကုန်တင်သင်္ဘောများ ကျောက်ဆောင်နှင့် တိုက်မိခြင်းအပါအ၀င် သတင်းများကို ပထမအဆင့် မြစ်ကြောင်းချဲ့စီမံကိန်း ပြီးစီးချိန်မှစတင်၍ ကြားသိခဲ့ရပါသည်။

လေကြီးများနှင့် သင်္ဘောများ မြစ်ကြောင်းတလျှောက်တွင် အသွားအလာ ပိုများလာသောကြောင့် တရားမ၀င် ပစ္စည်းမှောင် ခို ရောင်းဝယ်မှုများလည်း တိုးတက်ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် တောရိုင်းတိရိစ္ဆာန်များနှင့် သစ်များ တရားမ၀င်ရောင်း ၀ယ်မှုပင် ဖြစ်ပါသည်။ ဥပဒေမစိုးမိုးနိုင်သေးသည့် ဒေသတွင် ရေကြောင်းသွားလာမှု ဖွံ့ဖြိုးလာခြင်းကြောင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လူကုန်ကူးရောင်းချမှုလည်း တိုးတက်ဖြစ်ပေါ်လာစေပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသနှင့် ထိုင်းနိုင်ငံတို့တွင် လွန်ခဲ့သည့်နှစ်အတွင်း မြစ်ကမ်းတိုက်စားမှုများ လျှင်မြန်စွာ တိုးတက် ဖြစ်ပေါ်လာပြီး၊ အချို့သောဖြစ်ရပ်များတွင် မီတာအများအပြား ပြိုကျတိုက်စားခဲ့ပါသည်။ ဤသို့ဖြစ်ရခြင်းမှာ မြစ်ကြောင်းချဲ့ ထွင်စီမံကိန်းကြောင့် ဖြစ်နိုင်သလို၊ မြစ်အထက်ပိုင်းရှိ ဆည်များကြောင့်လည်း ဖြစ်နိုင်ပါသည်။ အထက်ပိုင်းဆည်များမှ ရေ များ ထုတ်လွှတ်လိုက်သည့်အခါ ဤရေထုမှာ ဆာလောင်နေသည့်သဖွယ် ရှိပြီး၊ ၎င်းရေလှိုင်းများနှင့် အနည်များက မြစ် အောက်ပိုင်းရှိ ကမ်းခြေနှင့် သဲသောင်များကို တိုက်စားသွားခဲ့ပါသည်။      

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နေထိုင်ကြသည့် ကျေးရွာသားများက မမျှော်လင့်ထားသည့် ရုတ်တရက် ရေတက်လာမှုများ လွန်ခဲ့သည့်နှစ်များအတွင်း ကြုံတွေ့ခဲ့ကြရကြောင်း ပြောပြပါသည်။ နွေရာသီ၌ပင် အလားတူ ရေတက်လာသည်မျိုး ကြုံ တွေ့ကြရပါသည်။ အကြောင်းမှာ မြစ်အထက်ပိုင်းရှိ ဆည်များက ရေလွှတ်ချမှုကြောင့် ဖြစ်နိုင်ပြီး၊ မည်သည့်အတွက်ကြောင့် သူတို့ထံ ကြိုတင်အကြောင်းကြား အသိပေးမှု မရှိသည်ကို ရွာသားများက နားမလည်နိုင် ဖြစ်နေကြရပါသည်။ မြစ်အောက် ပိုင်းတွင် ရေစီးဆင်းမှု နည်းပါးသွားခြင်းကြောင့် ရေရှားပါးမှု ပိုမိုဆိုးရွားလာပြီး၊ အထူးသဖြင့် မြစ်အထက်ပိုင်း ဆည်များတွင် ရေစုဆောင်းချိန်၌ ကြုံတွေ့ရပါသည်။ ၂၀၀၈ ခုနှစ်၊ သြဂုတ်လတွင် မြစ်ရေတက်လာမှုသည် ၃၀ နှစ်ကာလအတွင်း  အမြင့် ဆုံး အနေအထားအထိ ရှိခဲ့ပြီး၊ ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံတွင် ကျေးရွာပေါင်း ၂,၀၀၀ ကျော်နှင့် လာအိုနိုင်ငံတွင် မြို့ကြီး ၂ မြို့ ရေလွှမ်းမိုးခဲ့ရပါသည်။ ထိုင်းနိုင်ငံ အာဏာပိုင်များကမူ ဤသို့ ရေလွှမ်းမိုးမှုကို ပိုမိုသိရှိနားလည်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ ဆည်ရေလွှဲများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်းခံထားပါသည်။

သတင်းအချက်များ ပိုမိုသိရှိလိုပါက Aftershocks နှင့် Undercurrents အစီရင်ခံစာများကို ဖတ်ရှုနိုင်ပါသည်။

မဲခေါင်မြစ်နှင့် ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်မှု သတင်းများကို သိရှိလိုပါက အောက်ဖော်ပြပါ လင့်ခ်သို့ လာရောက် လည် ပတ်စေလိုပါသည်။ http://livingriversiam.org

AddThis Social Bookmark Button