Thursday, 30 March 2017

သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဆည်တည်ဆောက်မှုကြောင့် ဇီဝသတ္တ မျိုးကွဲများ စုံလင်စွာ တည်ရှိမှုကို ထိခိုက်ခြင်း၊ တံငါငါးဖမ်းလုပ်ငန်းများ၏ ရပ်တည်မှု ကို ထိခိုက်ခြင်း၊ သစ်တောများ၊ ရေစီးဆင်းမှု (မြစ်ကြောင်းစီးဆင်းမှု) များကို ပြောင်းလဲသက်ရောက်စေပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ မြစ်များအဖွဲ့ (International Rivers) က ခန့်မှန်းဖော်ပြရာတွင် ဆည်တည်ဆောက်မှုများကြောင့် ဖန်လုံအိမ် အာဏိသင်ဓါတ်ငွေ့များ ထွက်စေကာ ကမ္ဘာကြီးပူနွေးစေမှုကို ၄၀% အထိ ဆိုးကျိုးသက်ရောက်စေသည်ဟု ဆိုပါသည်။ ဆည်တည်ဆောက်၍ ဖြစ်လာသော သစ်ပင် အရွက်များ ပုတ်သိုးဆွေးမြေ့မှုကြောင့် ဖန်လုံအိမ်အာဏိသင် ဓါတ်ငွေ့များ ထွက်လာစေခြင်း ဖြစ်ပါသည်။ 

ဇီဝသတ္တ မျိုးကွဲများ စုံလင်စွာ တည်ရှိမှု

b_200_200_16777215_00_images_stories_concerns_rhesusmacaque.png ၀ဲကြီးဆည် တည်ဆောက်မှုကြောင့် ရှားပါးမျောက်မျိုးတမျိုးဖြစ်သည့် Rhesus Macaque တို့၏ သိုက်မြုံများသည်လည်း ရေဖုံးလွှမ်းပျောက်ကွယ်သွားရမည် ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ဆည်များတည်ဆောက်မည့်ဒေသများသည် ကမ္ဘာက ဇီဝသတ္တမျိုးကွဲ စုံလင်ထွေပြားမှုအတွက် တန်ဖိုးထား နေကြရသော နေရာများဖြစ်ပြီး၊ စနစ်တကျ သုတေသနပြု လေ့လာရခြင်းလည်း မရှိသေးပါ။ ဆည်ရေလွှမ်းမိုးမှုကြောင့် ဤသို့တန်ဖိုးရှိသည့် ဇီဝသတ္တမျိုးကွဲများ ဆုံးရှုံးကြရမည် ဖြစ်ပြီး၊ လူများ ပြောင်းရွှေ့အခြေချရမှုကြောင့်လည်း ကျန်ရှိနေ သည့် တောကောင်များ မှီခိုနေထိုင်ရာနေရာများကို ဆိုးကျိုးဖိစီးမှု သက်ရောက်စေမည် ဖြစ်ပါသည်။ မြစ်များကိုယ်၌သည် ပင်လျှင် မျိုးစုံလှသည့် ဇီဝသတ္တများကို ထိန်းသိမ်းပေးထားရာ နေရာ ဖြစ်ပါသည်။ ဥပမာအားဖြင့်-သံလွင်မြစ်တွင် ငါးမျိုး ပေါင်း ၁၄၃ မျိုး ရှိနေပြီး၊ ၎င်းတို့အနက် ၄၇ မျိုးမှာ ရှားပါးမျိုးစိတ်များ ဖြစ်ပါသည်။

တည်ဆောက်ရန် လျာထားသည့် ဧရာဝတီမြစ်/ မေခ/ မလိခမြစ်ဆည်များ သည် ကမ္ဘာ၏ အရေးအပါဆုံး ဇီဝသတ္တမျိုးကွဲ များ စုံလင်ထွေပြားရာဖြစ်သည့် အရေးအပါဆုံးနေရာတွင် တည်ရှိနေပါသည်။ ကမ္ဘာကြီး၏ ဇီဝသတ္တမျိုးကွဲ အစုံလင်ဆုံး နေရာ ၂-ခုကြား (အိန္ဒိယ-မြန်မာဒေသနှင့် တရုတ်နိုင်ငံ အလယ်-တောင်ပိုင်းဒေသ) တွင် တည်ရှိနေပြီး၊ ခြိမ်းခြောက်မှု အထူးကြုံတွေ့နေရသည့် ကမ္ဘာကြီး၏ ဂေဟဗေဒစနစ်အရ အရေးပါ သည့်နေရာတွင် ရှိနေပါသည်။ ဤဒေသများတွင် အနည်းဆုံး အပင်မျိုးစိတ်ပေါင်း ၁,၅၀၀ ကျော်တည်ရှိနေပြီး၊ ရှားပါးမျိုးနွယ်အများစု၏ ၇၀% သည် ဤဒေသကို အခြေခံ၍ မူလ ပေါက်ဖွားသော မျိုးစိတ်များ ဖြစ်ကြပါသည်။ အထူးရှားပါးနေပြီဖြစ်သော ဧရာဝတီ ရေချိုလင်းပိုင်ငါးကြီးများ (Orcaella brevirostris) သည်လည်း ဆည်တည်ဆောက်မှုကြောင့် မျိုးတုန်း ပျောက်ကွယ်သွားရနိုင်ပါသည်။ ၎င်းရေချို လင်းပိုင်ငါးများသည် ကမ္ဘာပေါ်တွင် ရှားပါးနေပြီဖြစ်သည့် ရေချိုလင်းပိုင်ငါးကြီး ၄ မျိုးအနက် တမျိုးဖြစ်ပါသည်။     

ဝဲကြီးဆည်ဟတ်ကြီးဆည် နှင့် ဒါးကွင်းဆည် တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးခံရမည့် ကရင်ပြည်နယ်နှင့် ကရင်နီပြည် နယ် မုတ်သုန်သစ်တော ဒေသများကို ကမ္ဘာကပင် ဇီဝသတ္တမျိုးကွဲစုံလင်လှသည့် ဒေသဟု အသိအမှတ်ပြုထားကြရပါ သည်။ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ခိုးကေ လေ့လာမှု (Khoe Kay study) အရ ၀ဲကြီးဆည်တည်ဆောက်မည့် သံလွင် မြစ်အနီး၌ အပင်မျိုးစိတ်ပေါင်း ၁၉၄ ခုနှင့် တိရိစ္ဆာန်အမျိုးပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် တွင် ရှားပါးမျိုးတုန်းတော့မည့် တိရိစ္ဆာန်အမျိုးပေါင်း ၄၂ မျိုးလည်း ပါဝင်ပါသည်။ အခြားရှားပါး ပျောက်ကွယ်နိုင်သည့် မျိုး စိတ်မည်မျှ ရှိသည်ကို မသိနိုင်ပါ။

ထမံသီဆည် တည်ဆောက်မှုကြောင့်လည်း ကမ္ဘာပေါ်တွင် ရှားပါးနို့တိုက်သတ္တ၀ါကြီးများ နေထိုင်ရာသစ်တောများသည် လည်း ရေလွှမ်းမိုးနစ်မြုပ်သွားတော့မည် ဖြစ်ပါသည်။ ယခုအခါ တကမ္ဘာလုံး၌ ရှားပါးနေပြီဖြစ်သည့် နို့တိုက်သတ္တ၀ါများ ဖြစ်သော Panthera tigris  ကျားများ၊ Elephus maximus ဆင်များ၊ မြန်မာနိုင်ငံတွင် အတွေ့ရများသည့် အခွံမာ Kachuga travittata လိပ်များ ပါဝင်ပါသည်။ အခြားနေရာ များတွင် မည်သည့်နေရာ၌ တွေ့ရှိနိုင်မည်ကို မသိကြရသော် လည်း ဤနေရာများမှ အပြီးတိုင် ပျောက်ကွယ်ဆုံးရှုံးကြရတော့မည် ဖြစ်ပါသည်။

ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဂေဟဗေဒစနစ်၏ တည်မြဲနေမှုကို ထိခိုက်ပျက်စီးစေပါသည်။ မြစ်ကြောင်း၏ ဂေဟ ဗေဒစနစ်ကိုလည်း အစိတ်စိတ် အပိုင်းပိုင်းအဖြစ် ပြိုကွဲစေပါသည်။ ဆည်၏ အထက်ဖက်နှင့် အောက်ဖက်တွင် နေထိုင်ကြ သည့် တိရိစ္ဆာန်မျိုးစိတ်များကိုလည်း ပိုင်းခြားလိုက်သည့်နှယ် ရှိစေပါသည်။ ပြောင်းရွှေ့သားပေါက်ရာ ငါးများ၊ တိရိစ္ဆာန်မျိုး စိတ်များကို၏ ခရီးသွားလာမှုကိုလည်း အနှောက်အယှက်ဖြစ်စေပြီး မျိုးရိုးဗီဇအစုကို လျှော့စေပါသည်။ ဆည်များကြောင့် မြစ်အထက်ပိုင်းရှိ စားကျက်ခိုလှုံရာများကို ရေနစ်မြုပ်စေပြီး၊ မြစ်အောက်ပိုင်းတွင် ရာသီအလိုက် သဘာဝရေစီးဆင်းမှု၊ မြစ်ကြောင်းများကို ပြောင်းလဲစေပါသည်။ မြစ်အောက်ပိုင်းရှိ သဘာဝအရ မြေဆီနုံးတင်မှုကိုလည်း ပြောင်းလဲထိခိုက်စေပါ သည်။ ထို့အပြင် ဆည်များကြောင့် ငါးများပြောင်းရွှေ့သားပေါက်ရာ လမ်းကြောင်းကို တိုက်ရိုက်ထိခိုက်စေပြီး၊ သားပေါက် ရာနေရာကို မရောက်နိုင်တော့ဘဲ ဖြစ်စေပါသည်။

သစ်တောများ

b_200_200_16777215_00_images_stories_concerns_hardwoodlogs.png   တာဆန်းဆည် နေရာနှင့် မဝေးလှသည့် ကျင်းတောင်းမှ ထုတ်ယူလာသော သစ်မာသစ်လုံးများ
မြန်မာနိုင်ငံတွင် ဆည်များတည်ဆောက်ခြင်းကြောင့် ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိနေသော မုတ်သုန်တောများ ရေမြုပ် သွားမည့်အရေး စိုးရိမ်ဖွယ် ခြိမ်းခြောက်မှု ဖြစ်လာစေပါသည်။ ၁၉၉၀ မှ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် သစ်တော ဖုံးလွှမ်းဧရိယာ ၁၈% ပျောက်ဆုံးခဲ့ရပါသည်။ ကမ္ဘာပေါ်တွင် သစ်တောဆုံးရှုံးမှုနှုန်း အမြင့်ဆုံး ဖြစ်နေပါသည်။ ရေလွှမ်းမိုး နစ်မြုပ်မည့် အရေးသာမက လမ်းများဖောက်လုပ်ခြင်း၊ လူများ ပြောင်းရွှေ့ရခြင်းကြောင့် သစ်တောများအပေါ် ပို၍ဖိစီးရန် အကြောင်းများ ဖြစ်လာစေသည်။ သစ်များပို၍ ခုတ်ခြင်း၊ လူများ အခြေချနေထိုင်ရာ ရွာများတည်ခြင်း စသဖြင့် ယခင်က မထိမတို့ရှိနေခဲ့သည့် သစ်တောများ ဆုံးရှုံးရဖွယ် ရှိပါသည်။

ငါးဖမ်းလုပ်ငန်းများ

b_200_200_16777215_00_images_stories_concerns_fisheries.gif  />

 

ငါးများ ရွှေ့ပြောင်းသားပေါက်သည့် လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်သောကြောင့် ငါးများ သားပေါက်ရာ မြစ်အထက် ပိုင်းသို့ မရောက်နိုင်ကြတော့ပါ။ သို့အတွက်ကြောင့် မြစ်အောက်ပိုင်းတွင် ငါးဖမ်းလုပ်ငန်းများအတွက် ဆိုးကျိုးမှာ ထင်ရှား သိသာလှပါသည်။ ဆည်များကြောင့် ငါးအမျိုးများလည်း လျှော့နည်းကျဆင်းလာပါသည်။ ဥပမာအားဖြင့်- အရှေ့တောင် အာရှမြစ်များဆိုင်ရာ ကွန်ရက်အဖွဲ့ (Southeast Asia Rivers Network) ၏ အဆိုအရ ငါးမျိုး ၅၀ မှ ၁၀၀ အထိ ပျောက် ဆုံးသွားရကာ ကျန်ရှိနေသောငါးအမျိုးများသည်လည်း ဦးရေကျဆင်းလာပါသည်။ ထိုင်းအစိုးရက နိုင်ငံ၏အရှေ့မြောက်ပိုင်း ဒေသ၌ ပက်မွန်းဆည် (Pak Mun dam) တည်ဆောက်ပြီးနောက်ပိုင်း ဤသို့တွေ့ရှိခဲ့ရသည် ဆိုပါသည်။   

"ကမ္ဘာတ၀ှမ်းလုံးတွင် ဆည်များတည်ဆောက်မှုကြောင့် တွေ့ရှိရသော အစီရင်ခံချက်ရလဒ်တခုမှာ မြစ်အောက် ပိုင်းဒေသများ၌ ငါးဦးရေ လျှော့ကျသွားခြင်းပင် ဖြစ်ပါသည်။" - ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင်

ရေစီးဆင်းမှု ပြောင်းလဲခြင်း

b_200_200_16777215_00_images_stories_concerns_waterflows.gif  ဆည်များကြောင့် ရေစီးဆင်းပုံပြောင်းလဲသွားပြီး မြစ်အောက်ပိုင်းဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများလည်း ထိခိုက် ရသည်။ ဆည်များကြောင့် ရာသီအလိုက် သဘာဝအရ ရေကြီးခြင်း၊ ရေဆင်းခြင်း ပုံစံကို ပြောင်းလဲစေပါသည်။ ရေများ၏ အနယ် အနှစ်ပြန်လည် ဖြည့်ဆည်းမှုပုံစံနှင့် မြစ်အောက်ပိုင်းရှိ မြစ်၏ရေဝေဒေသများနှင့် နုံးတင်မြေနုဒေသများတွင် မြေဆီသြဇာ အနယ်ကျမှုကို ပြောင်းလဲထိခိုက်စေပါသည်။ သို့အတွက်ကြောင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့် ငါးဖမ်းရရှိမှုကိုလည်း ထိခိုက်စေပါသည်။ အထူးသဖြင့် မြစ်အထက်ပိုင်းတွင် ဆည်ကိုရေဖြည့်သော အချိန်၌ မြစ်အောက်ပိုင်းတွင် ရေချိုများစီး ဆင်းမှု လျှော့နည်းသွားပါသည်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ရေဆင်းနည်းလာခြင်းကြောင့် ပင်လယ်ဆားငန်ရေ၀င်လာ ခြင်းများ ဖြစ်နိုင်ပြီး၊ မြစ်ဝှမ်းဒေသ၏ ဂေဟဗေဒစနစ်ကို ပြောင်းလဲစေနိုင်ပါသည်။ စိုက်ပျိုးသီးနှံများကိုလည်း ထိခိုက်ဖွယ်ရှိ နေပါသည်။ သဘာဝအရ မဟုတ်သည့် ရေမျက်နှာပြင် အနိမ့်အမြင့်ပြောင်းလဲခြင်းကြောင့်လည်း ရွှေ့ပြောင်းသားပေါက် သည့် ငါးမျိုးစိတ်များကို အနှောက်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် ငါးအရေအတွက်လျှော့ကျလာခြင်းနှင့် နောက်ဆုံး ငါးမျိုးများ တုန်းသွားရသည်အထိ အန္တရာယ်ရှိစေနိုင်ပါသည်။  

Voices of the Dammed

ဆည်များနှင့် ပတ်သက်၍
Wednesday, 24 September 2008
ဆည်များနှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသည့်... Read More...
တရုတ်နိုင်ငံ၏ ဆည်တည်ဆောက်ရေး စီးပွားရေးလုပ်ငန်း
Wednesday, 24 September 2008
တရုတ်နိုင်ငံ၏ ဆည်များကို အခြေပြုသည့်... Read More...
ရေအားလျှပ်စစ်ထုတ်ယူရေး လမ်းညွှန်ချက်များ
Wednesday, 24 September 2008
ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် [World Commission on Dams (WCD)]... Read More...
မြန်မာနိုင်ငံ၏ မြစ်များနှင့် ပတ်သက်သည့်ဥပဒေ
Wednesday, 24 September 2008
ရေအရင်းအမြစ်ထိန်းသိမ်းမှုနှင့် မြစ်များဆိုင်ရာ... Read More...
© 2017 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်. All Rights Reserved.